မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

ကမ္ဘာတလွှားက မြေမြှုပ်မိုင်းကြောင့် သေးဆုံးသူများ ရှိနေ

ဒီဗွီဘီ ၁၃ နိုဝင်ဘာ ၂ဝဝ၉ - DVB

ကမ္ဘာတလွှားက မြေမြှုပ်မိုင်းတွေကို သိသိသာသာ ပပျောက်သွားအောင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကျန်ရှိနေတုန်းဖြစ်တဲ့ မိုင်းတွေကြောင့် မနှစ်က တနှစ်တည်းမှာတင် လူပေါင်း ၁,၂ဝဝ ကျော် အသက်ဆုံးခဲ့ကြရပြီး ၃,၈ဝဝ ကျော် ဒဏ်ရာရတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှုအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ အခု အနီးကပ်ဆုံး နှစ်ကာလ အတွင်း မြေမြှုပ်မိုင်း အသုံးပြုတဲ့ နိုင်ငံတွေကတော့ မြန်မာနဲ့ ရုရှ နှစ်နိုင်ငံတည်းပဲဆိုတာ တွေ့ရှိ ရတယ်လို့ ဒီအဖွဲ့က ပြောပါတယ်။ မိုင်းဒဏ်ကြောင့် သေဆုံး ဒဏ်ရာရသူ အများစုဟာ အရပ်သား ပြည်သူတွေဖြစ်ပြီး အခုထိလည်း နိုင်ငံပေါင်း ၇ဝ ကျော်မှာ မိုင်းတွေ မြုပ်ရက်သား ရှိနေတုန်းပဲလို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း နိုင်ငံပေါင်း ၉ဝ က မြေပြင်ဧရိယာ စတုရန်းမိုင် ၁,၂ဝဝ ကျော်ကို မိုင်းတွေ ရှင်းလင်းခဲ့ပြီးပြီလို့ ဒီအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် အလားတူ မြေပြင်ပမာဏလောက်မှာ မိုင်းအန္တရာယ်ရှိနေတုန်းဖြစ်လို့ ထပ်ပြီးရှင်းလင်းဖို့ လိုနေပါသေးတယ်လို့ ဆိုပါတယ်။ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့ဟာ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့လို့ ၁၉၉၇ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံ ခဲ့ရပါတယ်။

အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ ရုရှ တို့နဲ့အတူ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေ ပါဝင်နေပါတယ်။ ကမ္ဘာတလွှား စစ်လက်ကျန် လူသတ်မိုင်းပေါင်း ၂ ဒသမ ၂ သန်းကျော်၊ ယာဉ်တွေကို ထောင်တဲ့မိုင်းပေါင်း ၂ သိန်းခွဲနဲ့ ပေါက်ကွဲစေတတ်တဲ့ တခြားပစ္စည်းပေါင်း ၁၇ သန်းကို လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကစပြီး ရှင်းလင်းခဲ့ပြီး ဖြစ်တယ်လို့ မိုင်းအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment