မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

မြန်မာစစ်အစိုးရ၏ သဘောထား အပေါ် ဟီလာရီကလင်တန် က ဝေဖန်

ဒီဗွီဘီ ၁၃ နိုဝင်ဘာ ၂ဝဝ၉ - DVB

မြန်မာစစ်အစိုးရဘက်က မြန်မြန်ဆန်ဆန် သဘောထား ပြောင်းလဲလာဖို့ မမြင်ပါဘူး ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဝေဖန်ပြောကြားပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က လူထုအစည်းအဝေးအတွင်း လာမယ့် တနင်္ဂနွေနေ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးအပြီးမှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပေါ် တင်းကျပ်ထားမှုတွေကို လျှော့ပေးနိုင်ခြေ ရှိသလားဆိုတဲ့ မေးခွန်းကို ကလင်တန်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီကိစ္စဟာ ရေရှည်ကြိုးပမ်းရမယ့် ကိစ္စဖြစ်ပြီး အများကြီး စိတ်ရှည်ရပါလိမ့်မယ်” လို့ ကလင်တန်က ပြောပါတယ်။ အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အေပက် အစည်းအဝေးနဲ့ အတူ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို တွဲ ကျင်းပမှာဖြစ်ပြီး ဒီအစည်းအဝေးကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပထမဆုံးအကြိမ် တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း အဲဒီအစည်းဝေးကို တက်ရောက်ဖို့ ရှိတာမို့ ဒါဟာ အမေရိကန်သမ္မတတဦးအနေနဲ့ မြန်မာ ထိပ်တန်းခေါင်းဆောင် တဦးကို ၄၃ နှစ်အတွင်း ပထမဆုံး ဆုံတွေ့မှု ဖြစ်လာနိုင်ပါတယ်။ ဒီအတောအတွင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကနေ သမ္မတအိုဘားမားရဲ့ အာရှခရီးစဉ်အတွင်း လူ့အခွင့်ရေးကိစ္စကို အလေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

“အိုဘားမားအနေနဲ့ အရှေ›တောင်အာရှကို ပထမဦးဆုံးအကြိမ် ရောက်ရှိနေတုန်း အခိုက်မှာ လူ့အခွင့်အရေးကိစ္စကို အာဆီယံအရေးအဖြစ် တင်ပြစေ့ချင်တယ်”လို့ ဒီအဖွဲ့ရဲ့ အာရှဒေသ ဒါရိုက်တာ အီလိန်းပီးယားဆန်က ပြောကြားပါတယ်။ သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်မှု၊ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားနေတဲ့ မြန်မာပြည် အရေးနဲ့ပဲ ပထမဆုံးစတင်ရမှာပါပဲ လို့လည်း အီလိန်းပီးယားဆန်က ပြောကြားပါတယ်။

သမ္မတအိုဘားမားဟာ အာရှခရီးစဉ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ဒီနေ့ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး မနက်ဖြန်မှာတော့ အေးပက် အစည်းဝေးကျင်းပနေတဲ့ စင်ကာပူနိုင်ငံကို ရောက်လာမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကျရင် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းဝေးကျင်းပဖို့ ပြင်ထားပြီး အဲဒီမှာ နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သမ္မတကိုယ်တိုင်ဖြစ်စေ၊ နိုင်ငံခြားရေဝန်ကြီး ဟင်လာရီ ကလင်တန် ဖြစ်စေ တွေ့ဆုံဖွယ်ရှိနေတယ် ဆိုပြီး အေဂျင်စီ သတင်းတွေမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment