မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

ခရစ်ယာန်ဘုရားကျောင်း ဖျက်ဆီးခံရမှု အရေးမယူသေး

အေးနိုင် ၁၂ နိုဝင်ဘာ ၂ဝဝ၉ - DVB

စစ်ကိုင်းတိုင်း ကလေးမြိ့က သာယာဝတီကျေးရွာမှာ ခရစ်ယာန် ဘာသာဝင် ကျောင်းသားတွေ ဝတ်ပြုဖို့ ရည်ရွယ်ဆောက်လုပ်တဲ့ ဘုရားရှိခိုးကျောင်း ကျူးကျော် ဝင်ရောက် ဖျက်ဆီးခံရတာကို အာဏာပိုင် အဆင့်ဆင့်က သိလျက်နဲ့ လျစ်လျူရှုနေပါတယ်။

ကလေးမြိ့က နည်းပညာတက္ကသိုလ်ကို ရပ်ဝေးလာတက်ကြတဲ့ ခရစ်ယာန်ဘာသာဝင် ကျောင်းသားတွေက တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်ဖို့အတွက် သာယာဝတီကျေးရွာမှာ လူနေအိမ်ဝင်းတခုကို ဝယ်ခဲ့ကြပြီး ကျောင်းတည်ဖို့ ၂ဝဝ၅ ခုနှစ်ကတည်းက စီစဉ်ခဲ့ကြတာပါ။

အဲ့ဒီနောက် သက်ဆိုင်ရာ သာသနာပြန့်ပွားရေးကို ရဝတ ကနေ စာတင်ခဲ့ပြီး အုတ်မြစ် ချခဲ့ပေမယ့် မြိ့နယ်အေးချမ်းဖြိုး ကိုယ်တိုင် ဆက်မဆောက်ဖို့ တားတာကြောင့် ၂ နှစ် ရပ်တန့်ခဲ့ရပါတယ်။ ၂ဝဝ၈ နိုဝင်ဘာမှာ ကျေးရွာသားတချို့က အဆောက်အဦ အကြမ်းထည်ကို ဝင်ရောက် ဖျက်ဆီးခဲ့တာကို ကိုယ်တိုင်မြင်ခဲ့ရသူ တဦးက ပြောပါတယ်။

“သာသနာထွန်းကားရေး၊ ပြန့်ပွားရေး ဦးစီးဌာနကို သာယာဝတီကျေးရွာ ရယက က အကြောင်းကြားတယ်။ သက်ဆိုင်ရာ ဌာနတွေကို စာတို့၊ မိတ္တူတို့ ပေးမှာပေါ့။ အဲဒီရွာက ဗုဒ ကျေးရွာဆိုတော့ ခရစ်ယာန်တွေနဲ့ ထိပ်တိုက် ရန်တိုက်ပေးသလို ဖြစ်သွားတာပေါ့။ အဲဒီတော့ နေ့ချင်းညချင်း အားချင်း ဖျက်တယ်ပေါ့။ အာဏာပိုင် အဖွဲ့အစည်းက တိုက်ရိုက် ဝင်ဖျက်တာ မဟုတ်ဘူး။ ရွာသားတွေကို ဖျက်ခိုင်းတာ။ တိုင်တွေ ရိုက်ချိုး၊ ဖောင်ဒေးရှင်း ချထားတဲ့ အင်္ဂတေတိုင်တွေပါ တူးလှန်ပစ်တယ်။”

အဲလို ဖျက်ဆီးတုန်းက အဆောက်အဦရဲ့ သစ်တွေကို သာယာဝတီရွာ ဥက္ကဋ္ဌ အိမ်ကို သယ်သွားကြောင်းနဲ့ ဖျက်ဆီးမှုကို အာဏာပိုင်တွေကို တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်တာ မရှိဘူးလို့ သူက ပြောပါတယ်။ ဒီအဆောက်အဦလည်း ဖြစ်လာဖွယ် မရှိဘူးလို့ သူက ထင်မြင်ချက်ပေးပါတယ်။

“အဲဒီမှာ ပထမ ငွေကုန်ကြေးကျခံတယ်ဆိုတဲ့ သူတို့ထဲက အလှူ့ဒကာတယောက် ပေါ်လာတာပေါ့၊ အဲဒီပေါ်လာတဲ့လူလည်း သက်ဆိုင်ရာဌာနက ခေါ်မေးတော့ နောက်တွန့် သွားတာပေါ့။”

အဲဒီလို ဖြစ်ပြီးနောက် ကျန်ရှိတဲ့ အိမ်ဆောက်ပစ္စည်းတွေကို မိုးကာတဲနဲ့ ဖုံးအုပ်ထားတယ်လို့ ဆိုပါတယ်။ ဒီလဆန်းပိုင်းမှာလည်း ကျန်ရှိတဲ့ အဆောက်အဦ အကြမ်းထည်ကို ဝင်ရောက် ဖျက်ဆီးပြန်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတရပ် အင်တာနက်စာမျက်နှာတွေမှာ ဓာတ်ပုံနဲ့တကွ ပြန့်နှံ့နေပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဖျက်ဆီးမှုကြောင့် သိန်း ၂ဝ လောက် နစ်နာပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်တုန်းက ဖျက်ဆီးခံရမှုနဲ့ ဒီလဆန်းက ဖျက်ဆီးခံရမှုတွေဟာ မှန်ကန်တယ်လို့ ဘုရားကျောင်း ဆောက်လုပ်မှုမှာ ပါဝင်ပြီး သာယာဝတီကျေးရွာမှာ နေထိုင်တဲ့ ချင်းကျောင်းသားတဦး က ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ကျူးကျော်ဖျက်ဆီးသူတွေကို ဖော်ထုတ်တာမရှိတဲ့ လျစ်လျူရှုမှုဟာ တာဝန်မကျေတဲ့ အကြောင်းနဲ့ ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့ အကြောင်းကိုလည်း အဲဒီ ချင်းကျောင်းသားက ပြောပါတယ်။

“အစိုးရက ဘာသာရေး လွတ်လပ်ခွင့် ရှိတယ်ပြောပေမယ့် အခုကိစ္စ ကိုယ်တွေ့ကြုံတယ် ဆိုတော့ တကယ်တမ်း မရှိဘူးလို့ ပြောရမှာပေါ့။”

ဒီလို ရွာသားတွေ ဖျက်ဆီးတဲ့နောက်ကွယ်မှာ ဘယ်သူ ဘယ်ဝါရှိတယ်ဆိုတာ သဲသဲကွဲကွဲ မသိနိုင်ပေမယ့် အခုအထိ အရေးမယူတာကြောင့် အာဏာပိုင်တွေရဲ့ လက်ရာမကင်းဘူးလို့ ခရစ်ယာန်ဘာသာဝင် ကျောင်းသားတွေဘက်က ခန့်မှန်း ပြောဆိုပါတယ်။

No comments:

Post a Comment