မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Tuesday, November 17, 2009

ဧရာဝတီတိုင်းတွင် သင်္ဘောမှောက်၊ အသေအပျောက် များပြား

Monday, 16 November 2009 17:56 အောင်သက်ဝိုင်း ဧရာဝတီ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရှမ်းဂူကျေးရွာအနီးရှိ င၀န်မြစ်တွင် ယမန်နေ့ညက ပုဂ္ဂလိက ခရီးသည်တင် သင်္ဘောကြီးတစီး နစ်မြုပ်သွားရာ ခရီးသည် အလောင်း ၄၀ ခန့် ဆယ်ယူရရှိပြီး၊ အများအပြား ပျောက်ဆုံးနေကြောင်း ပုသိမ်မြို့အခြေစိုက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာန အရာရှိတဦးက ပြောသည်။


ကယ်ဆယ်ရေး လုပ်ငန်းများကို ထိုဒေသမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆက်လက် လုပ်ကိုင်နေသည်ဟု သိရသည်။

“ပျောက်နေတဲ့သူတွေက သေသွားပြီလား၊ ဒါမှမဟုတ် ရေစီးနဲ့ မျောပြီး အခြားကမ်းတွေ တင်နေသလား ဆိုတာ ရေရေ ရာရာ မသိရသေးဘူး” ဟု ပုသိမ်မြို့ မီးသတ်တပ်ဖွဲ့ဝင် တဦးက ယနေ့ ညနေပိုင်း အခြေအနေများကို ဧရာဝတီသို့ ပြောပြသည်။

နစ်မြုပ်သွားသည့် သင်္ဘောမှာ နေမျိုးထွန်း ဟု အမည်ပေးထားသည့် ရေယာဉ်အမှတ် ၈၄၁၃၊ သစ်သား တထပ်သင်္ဘော ဖြစ်ကြောင်း၊ ယမန်နေ့ ည ၇ နာရီက ခရီးသည် ၁၇၆ ဦးကို တင်ဆောင်ပြီး ပုသိမ်မြို့မှ သက်ကယ်သောင် ကျေးရွာသို့ ဦးတည် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် ပုံမှန် ပြေးဆွဲနေသော အဆိုပါ သင်္ဘောသည် ရှမ်းဂူကျေးရွာ အနီးရှိ မြစ်ပြင်ကျယ်တွင် ဓနအမည်ရှိ ဒီဇယ်ဆီတင် သင်္ဘောတွဲနှင့် တိုက်မိခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သင်္ဘောက ချက်ချင်း မြုပ်သွားတာ။ ခရီးသည်တွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံး ပျောက်နေတယ်” ဟု ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသည့် ရှမ်းဂူကျေးရွာသား တဦးက ရှင်းပြသည်။

ယခုအခါ အာဏာပိုင်တို့က သင်္ဘောပိုင်ရှင်ကို အမှုဖွင့် အရေးယူထားပြီး ရေယာဉ် နစ်မြုပ်ရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်း စစ်ဆေးနေသည်ဟု ဧရာဝတီတိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ဧရာဝတီတိုင်းသည် ယမန်နှစ်က တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရသည့် ဒေသဖြစ်သည်။

No comments:

Post a Comment