မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Monday, November 16, 2009

ဗန်းမော်ညိုနွဲ့ အမှတ်တရ

မာမာအေး နိုဝင်ဘာ ၁၅၊ ၂၀၀၉

မိုးမခ ပရိသတ်တို့ နေကောင်းကြရဲ့မဟုတ်လား …

ဒီလိုလေး စာရေး နူတ်မဆက်ဖြစ်တာ ကြာနေပြီနော်။ ကျမ နေကောင်းပါတယ်။ ခြေထောက်တော့ မကောင်းဘူး။ တလောက ကိုယ့်အိမ်ရှေ့က လှေခါးထစ်မှာတင် ချော်ကျထားလို့ပါ။ အရိုးနဲနဲ အက်သွားသတဲ့ … ဒါလောက်ပါပဲ။

စာမရေး ဖြစ်တာကတော့ အချိန်မရလို့ပါ။ ကိုယ့်ဘ၀ အချိန်ကလေးက နည်းလာပြီလို့

တွေးမိပြီး ကိုယ်လုပ်ခဲ့ချင်တာတွေတော့ လုပ်နေတာပါပဲရှင်။ ရေရေရာရာ ဘာတွေပြီးသလဲ မပြောနိုင်ပါဘူး။ BBC ပြောတာလေး တခုပဲ အစီအစဉ် သုံးရာကျော် စုမိသလို ဖြစ်နေတယ်။



ဒီနေ့လဲ ကြာသပတေးနေ့တိုင်း အသံလွှင့်နေကျ “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အစီအစဉ်ကို နားထောင်ရအောင် BBC ကို ဖွင့်တာနဲ့ ရေးဖြစ်ဖို့ ကိစ္စက ကြားလိုက်ရလို့ ရေးဖြစ်တာပါ။

ကျမအစီအစဉ် မလာခင် သတင်းဖတ်တော့“ ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့” ကို ကျမတို့ စာပေချစ်မြတ်နိုးသူတွေ လက်လွတ်ဆုံးရှုံး သွားရပြန်ပါပြီကောလို့ နှမျှောတသ အမျှပေးဝေလိုက်ရတယ်။ ကျမမျက်စေ့ထဲမှာ ပေါ်လာတဲ့ ဆရာ့စာလေးတစောင်ကိုလဲ ပလပ်စတစ်လောင်းပြီး သိမ်းထားတဲ့ ဖိုင်ထဲက ဖြုတ်ပြီး ပြန်ဖတ်ကြည့်မိပါတယ်။

BBC ကတဆင့် ရောက်လာတဲ့ ဆရာကြီး ဗန်းမော်ညိုနွဲ့ ရဲ့စာပါ။ ကျမဆီလာတဲ့ ရေးကြတဲ့စာတွေ အများကြီး ဖတ်ခဲ့ဖူးတဲ့ ကျမဟာ ၀မ်းသာစရာပဲ ရှိပါတယ်။ ဆရာ့စာ ရိုးရိုးရှင်းရှင်းလေးကို ဖတ်ရတော့ စိတ် အတော်လှုပ်ရှားတယ်ရှင့်။

ကျမက ကိုယ့်ဆီကို ရေးတာတွေကိုပဲ ဖတ်နေခဲ့ပါလား ဆိုတဲ့အသိက နှိပ်စက်သလိုလို

ခံစားရလို့ပါ။ ကိုယ့်လိုပဲ အနုပညာနယ်အသီးသီးမှာ ရပ်တည်နေကြတဲ့ ပညာရှင်တွေကို မဆက်သွယ်မိခဲ့ပါလား။ ၀ါသနာတူ ပညာရှင်တွေ စုပေါင်းလုပ်ဆောင် နိုင်တာတွေ ရှိနေမှာပဲ ဆိုတဲ့ အမှတ်မဲ့နေခဲ့တဲ့ ကိုယ့်အဖြစ်ကို ရှက်မိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကဗျာသော စာသော ဂီတသော လုပ်မနေဘူး၊ ဘ၀မှာ အချိန်တိုတိုပဲ ရှိနေတဲ့သူချင်း ပိုရင်းအောင် နေလာခဲ့တော့တယ်။

ဆရာကြီး ဗန်းမော်ညိုနွဲ့ရဲ့ ကြားချင်သိချင်တဲ့ ဆန္ဒကိုလဲ BBC မှာပြောပြပေးခဲ့ပါတယ်။

ကျမခံစားရတဲ့အတိုင်း ဆရာကြီးကြားသွားမှာ ထင်ပါတယ်။ တခါတလေ ကျမပြောတာကို ဆရာ ထပ်ဖြည့်ပြောသတဲ့ရှင်။

မနှစ်ကတော့ ဆရာ့လဲ “အထဲ” ပို့ထားတယ် ကြားလို့ “အော် … အသက် ရှစ်ဆယ်ကျော်ကြီး ဟိုအထဲမယ် ဘယ်လိုနေပါ့မလဲ လို့ တွေးပြီး စိတ်မကောင်းဖြစ်နေတာ ကောလဟာလ ဖြစ်ပါစေလို့ ဆုတောင်းနေတာပါ။ ခုတော့ ပိုဝေးသွားပြီပေါ့လေ။ ကိုယ်တွေလဲ တနေ့တော့ နှုတ်ဆက် လက်ပြ ပြန်ကြရဖို့ ရှိတဲ့အကြောင်း မမေ့ဘဲ ကောင်းတာတွေချည်း လောကအတွက် ထားခဲ့ကြစို့လား။

No comments:

Post a Comment