မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

လွှတ်တော်ကိုယ်စားလှယ် ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ ကွယ်လွန်

2009-11-12 RFA

အမျိုးသားစာပေဆုရှင် ကဗျာဆရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆရာကြီး ဗန်းမော်ညိုနွဲ့ ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်မှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။

ငယ်နာမည် မောင်ပုထွေးလို့ခေါ်တဲ့ ဆရာကြီး ဗန်းမော်ညိုနွဲ့ဟာ ဗန်းမော်မြို့မှာပဲ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ သူဟာ ကဗျာဆရာ အနုပညာရှင်ဖြစ်သလို ပြည်သူ့ ဘက်ကနေ ရပ်တည်သွားသူတဦး ဖြစ်တယ်လို့ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်က RFA ကို အခုလို ပြောပါတယ်။

ဦးဝင်းတင်။ ။ 'ဗန်းမော် ညိုနွဲ့ဟာ အဲဒီခေတ်၊ အဲဒီအခါက အလွန် ကျော်ကြားတဲ့ ကဗျာဆရာထဲမှာ တဦးပါတာတော့ သေချာတယ်ဗျာ။ ဒါတခုပေါ့။ နောက်တခု က္ဆွန်တော် ပြောနိုင်တာကတော့ သူက ဒီမိုကရေစီ အရေးတော်ပုံကာလလည်းကျရော နိုင်ငံရေးတွေ ဘာတွေ ဝင်လုပ်ပြီးတော့ NLD အမတ်တွေ ဘာတွေ ဖြစ်သွားတယ်ဗျ။ ဒီပုဂ္ဂိုလ်ဟာ ကဗျာဆရာတဦးပီပီ တိုင်းရေးပြည်ရာတွေမှာ ဟုတ်လား၊ တိုင်းသူပြည်သားတွေရဲ့ အရေးအရာတွေ ပေါ်နေတဲ့အခါမှာ တိုင်းသူပြည်သားဖက်ကနေပြီးတော့ ရှေ့ကနေပြီးတော့ ရပ်တဲ့ ပုဂ္ဂိုလ်ထဲမှာ တဦးအပါအဝင် ဖြစ်ခဲ့တယ်။'

ဆရာကြီး ဗန်းမော်ညိုနွဲ့ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉ဝ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။

ဆရာကြီးဗန်းမော်ညိုနွဲ့ ရဲ့ ကဗျာတွေကို ကျောင်းသင်ခန်းစာ ပြဌာန်းချက်တွေမှာ ထည့်သွင်း သင်ကြားခဲ့ပေမဲ့ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်လာခဲ့ပြီးနောက်ပိုင်းကနေ ဒီကနေ့ ကွယ်လွန်ချိန်အထိ သူ့ကဗျာတွေ၊ စာတွေကို ပုံနှိပ်ထုတ်ဝေခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

ဆရာကြီးဗန်းမော်ညိုနွဲ့ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ် ရှိနေပါပြီ။ ဒီကနေ့မနက်က ဗန်းမော်မြို့မှာ ကွယ်လွန်သွားတဲ့ အမျိုးသားစာပေဆုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်လက် တင်ပြထားပါတယ်။

No comments:

Post a Comment