မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Saturday, November 14, 2009

အိန္ဒိယ၌ အကျဉ်းကျနေသည့် ရခိုင် ကရင် ၃၄ ဦးကို ဒုက္ခသည်အဖြစ် လက်ခံ

ခင်နှင်းထက် ၁၂ နိုဝင်ဘာ ၂ဝဝ၉ - DVB

ကာလကတ္တားအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ရခိုင်နဲ့ ကရင် လက်နက်ကိုင် ၃၄ ဦးကို အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ အခုလို ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် အိန္ဒိယအစိုးရက သူတို့ကို မြန်မာအစိုးရဆီ လွှဲပေးဖို့ကိစ္စ မဖြစ်နိုင်တော့ဘူးလို့ သူတို့ လွတ်မြောက်ရေး ကြိးစားနေသူတွေက ပြောပါတယ်။

သူတို့ ၃၄ ဦးဟာ လောလောဆယ် ကာလကတ္တားတရားရုံးမှာ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး မနေ့ကနဲ့ ဒီနေ့ ၂ ရက်ဆက်တိုက် ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတော့ သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလိုက်တဲ့အတွက် လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာကို ဒီနေ့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့သူ တဦးဖြစ်တဲ့ ဦးဟံညောင်ရွှေ က ပြောပါတယ်။

“ကျနော်ထင်တာက တိုက်ရိုက်တော့ မရှိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးက ရှိတဲ့ ဥပဒေအရ၊ အချက်အလက်အရ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဒုက္ခသည် လက်ခံထားတယ်ဆိုရင်တော့ တရားရုံးက အမှုကို ပယ်ချလိုက်တယ်ဆိုရင် သူတို့ လွတ်သွားမယ်။ ဒါပေမယ့် အိန္ဒိယမှာ နေလို့မရဘူး။ အိန္ဒိယ ဥပဒေအရ ဗမာပြည်ကို ပြန်ပို့ဖို့ လိုမယ်။ ဒုက္ခသည် ဖြစ်ပြီဆိုရင် ဗမာပြည်ကို ပြန်ဖို့မလိုဘူး။ တတိယနိုင်ငံကို သွားလို့ ရမယ်။”

ဒီနေ့ တရားရုံးမှာ ထွက်ဆိုခဲ့တာတွေကိုလည်း ဦးဟန်ညောင်ရွှေက ပြောပါတယ်။

“ကျနော့်အနေနဲ့ အမှု တကယ်ဖြစ်တဲ့အကြောင်းတော့ မသိဘူး။ ဥက်သေအဖြစ် ကျနော် လာပြောပြတာကတော့ ဒီပုဂ္ဂိုလ်တွေက ဘာကြောင့် တော်လှန်ရေးထဲမှာ ပါနေရတာလဲ၊ မြန်မာပြည်ရဲ့ အခြေအနေက စစ်အာဏာရှင်ကြောင့် ဖြစ်တယ်ဆိုတဲ့သဘောနဲ့ ကျနော့် ကိုယ်တိုင် အတွေ့အကြံရယ်၊ ကျနော် ပါဝင်မှုတွေကို သူတို့ သိတယ်ဆိုတာ လာရှင်းပြတာ ဖြစ်ပါတယ်။”

ဦးဟန်ညောင်ရွှေနဲ့အတူ အိန္ဒိယမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေတို့က ဒီနေ့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့ပြီး အမှုကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဆက်လက် ကြားနာစစ်ဆေးမယ်လို့လည်း သိရပါတယ်။ ရခိုင်နဲ့ကရင် လက်နက်ကိုင် ၃၄ ဦးဟာ ၁၉၉၈ က လက်နက်တွေနဲ့အတူ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းစဉ် အိန္ဒိယပိုင် အက်ဒမာန်ကျွန်းနဲ့ လန်ဖေါ့ကျွန်း ရေပိုင်နက်ထဲမှာ အိန္ဒိယစစ်တပ်က ဖမ်းဆီးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ကို ဦးဆောင်ခဲ့တဲ့ ဗိုလ်မှုးရန်နိုင်နဲ့ တခြား ခေါင်းဆောင်တချို့ကို သတ်ပစ်ခဲ့ပြီး ကျန် ၃၄ ဦးကို လက်နက်မှောင်ခိုမှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ သွေးစည်းညီညွတ်ရေးကော်မတီကတော့ သူတို့ဟာ လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမားတွေသာဖြစ်လို့ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

No comments:

Post a Comment