မြန်မာပြည်မှာစစ်အုပ်ချုပ်ရေးရပ်စဲမှဖြစ်မယ်........

Tuesday, November 17, 2009

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းထား

မင်းနိုင်သူ / ၁၆ နိုဝင်ဘာ ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကမ်းလှမ်းသည့် စာတစောင်ပေးပို့ခဲ့သည်မှာ မှန်ကန်ကြောင်း အန်အယ်လ်ဒီက ယနေ့ထုတ်ဖော်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ ပြည်ပမီဒီယာများတွင် နိုဝင်ဘာ (၁၄) ရက်နေ့က ပေါက်ကြားခဲ့ပြီးနောက် အန်အယ်လ်ဒီပါတီက ယနေ့ အတည်ပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။


“ဒီနေ့ စီအီးစီအစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဖြစ်ပါတယ်။ မီဒီယာကို ဘယ်လိုရောက်သွား သလဲ။ ဒါတွေကိုလည်း ဆွေးနွေးဖြစ်ကြတယ်။ ကျနော်တို့က ဒီလိုအစိုးရဆီကို စာတွေဘာတွေ တင်ရင် သတင်းတပ်ဖွဲ့က တဆင့်တင်ရတာပါ။ အခုစာဟာလည်း သတင်းတပ်ဖွဲ့က တဆင့်တင်ခဲ့တာပါ” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောသည်။

အဆိုပါစာတွင် မစ္စတာကာ့တ်ကမ်ဘဲလ် ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့၊ ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်း၍ ဥရောပ ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခွင့် ပေးခဲ့သည့်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ရေးသားထားသည်။

ထို့နောက် သူမအနေဖြင့် အစိုးရနှင့်ညှိနှိုင်းကာ နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပြီး သူမ ပါတီကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကို သူမအိမ်တွင် ကျင်းပခွင့်ပြုရန်၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက နိုင်ငံ့အကျိုးရှိစေမည့် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နအဖအစိုးရဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း ရေးသားဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့် တွေ့လိုကြောင်း တင်ပြခဲ့ရာ နအဖစစ်အစိုးရက အမေရိကန်ကိုယ်စားလှယ် မစ္စတာ ကာ့တ်ကမ်ဘဲလ်လာရောက်စဉ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး မပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ရန်စီစဉ်ပေးခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်က ထိုအစီအစဉ်ကို လက်မခံခဲ့ပေ။

“အခု ဒေါ်စုစာထဲမှာလည်း ဦးတင်ဦးအပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့ ပြောထားတော့ ဒေါ်စုအနေနဲ့ကတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေဘက်က မားမားမတ်မတ်ရပ်တယ်ပေါ့ဗျာ။ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်ဆိုတာကို ပြတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးအတွက် စာရေးကမ်းလှမ်းခဲ့ချိန်တွင် နအဖစစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သီရိလင်္ကာနိုင်ငံသို့ (၃) ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်နေချိန်ဖြစ်ပြီး ယခုအခါနေပြည်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

No comments:

Post a Comment